နှင်းစက်လက် တွဲခိုနေတဲ့
စံပယ်အိုလေးရေ....
ဒီလကွယ်ညမှာပဲ
ဆုတ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့ ။
တချို့လူတွေက
ဘ၀မှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက...
နေတွေလတွေတောင် ကြွေကျခဲ့ဖူးပါတယ် ။
" သွားတော့မယ်နော်...
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့ " လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်း လွင့်ကြဲနေတယ် ။
( ဘာပဲဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ )
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖြန်ခါဟာ နာမည်ဆိုးမရှိရှာပါဘူး ။
ဒါပေမယ့်....
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ် ။
ဒီည....
နောက်ည....
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ် ။
" ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌ "
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ
ရှ - အက် - ကြေ - ကွဲ ....
မင်နီတွေ ' ရဲ ' လို့ပေါ့ကွယ် ။ ။
(တာရာမင်းဝေ)
Friday, December 18, 2009
ဒိုင်ယာရီ ရဲ့ နောက်ဆုံးစာမျက်နှာ
Friday, December 11, 2009
ပြုစားခဲ့တဲ့လူ
မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင် အရပ် အတော်မြင့်ခဲ့ပြီ ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေ အတိုင်းပါပဲ
လောကဓံ ခွန်းကြီး ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့ ' လူ ' အဖြစ် ပွင့်ခဲ့ရတာပါ ။
တကယ်ဆို ကဗျာဟာ
အချစ်ဦး မသိအောင် ရေးရတဲ့ အရာပါ
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။
တစ်ခါတစ်ရံ လေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ် ။
အဲဒါကလွဲရင် သူလိုကိုယ်လိုတောင် ကျွန်တော် မကွေ့ကောက်ခဲ့ပါဘူး ။
ကျွန်တော်နဲ့ သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်း ဆိုကြ
သြော်.... တစ်ခုတော့ ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ် ။ ။
(တာရာမင်းဝေ)
Wednesday, November 18, 2009
ချစ်သူမွေးနေ့ သို့....
ဒီနေ့ မောင်သိပ်ချစ်ရတဲ့ချစ်သူလေး မေ့ ရဲ့ မွေးနေ့နော်...
ဒီနေ့လေးမှာ မေ ပျော်ရွှင်နေနိုင်ပါစေလို့ မောင်ဆုတောင်းပါတယ် .. မေ..
မေ့ မွေးနေ့လေးမှာ မေ့ ကို ပျော်ရွှင်ကြည်နူးမှုတွေ အပြည့်ရအောင် မောင်လုပ်ပေးချင်ပါတယ်...
မေ့ မွေးနေ့လေးမှာ မေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားချင်ပါတယ်...
တကယ်လို့ မောင်တို့သာအပြင်မှာတွေ့ဆုံနိုင်ရင် အရမ်းပျော်ဖို့ကောင်းမှာနော်...
မွေးနေ့လေးမှာ ချစ်သူလေးအတွက် မောင်ပြောချင်တဲ့စကားလေးတွေ ဒီကနေပြောမယ်နော်...မေ...
အမှန်တကယ်တမ်းတော့ မွေးနေ့ဆိုတဲ့နေ့ရက်မှာ အရင်ဆုံး မမေ့မလျှော့
အောက်မေ့သတိရသင့်တာကတော့ မိဘတွေပေါ့ ... မေ ...
မေ့ ကို ဒီအရွယ် ဒီအခြေအနေ ဒီလိုဘ၀တစ်ခုကို ပိုင်ဆိုင်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေကို ဒီနေ့လေးမှာတော့ ကျေးဇူးတင်စကားလေးပဲဖြစ်ဖြစ် ပြောဖြစ်အောင်ပြောလိုက်ပါနော်....
ဟိုးလွန်ခဲ့တဲ့ (၂၈)နှစ် ဒီနေ့ဒီရက်မှာ မေ့ မေမေဟာ မေ့ ကို ဘယ်လောက်ခက်ခက်ခဲခဲနဲ့မွေးခဲ့ရမလဲ...
မေ့ဖေဖေကရော ဘယ်လောက်အထိ စိတ်လှုပ်ရှားစိုးရိမ်ပူပန်နေခဲ့မလဲ... နောက်ပြီး ဒီနေ့ဒီအချိန်အထိ သူတို့ ပြုစုစောင့်ရှောက်မွေးမြူခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်ပြီးတွေးတော ဆင်ခြင်ကြည့်နော်....မေ...
အမှန်တော့ အမြဲတမ်းသတိရကျေးဇူးတင်နေရမှာပါ... ကျန်တဲ့အချိန်တွေမှာ အမှတ်တမဲ့ထားခဲ့တာမျိုး
ရှိကောင်းရှိမှာပါ....ဒါပေမယ့် .. ဒီနေ့ကလေးတော့ မှတ်မှတ်ရရ အောက်မေ့ပါနော်....
နောက်တစ်ခုပြောချင်တာက ဒီလိုမွေးနေ့လေးပေါင်းများစွာ မောင်နဲ့မေနဲ့အတူတူဖြတ်သန်းသွားချင်ပါတယ်...
မေ... နောင်နှစ်ပေါင်းများစွာအထိပေါ့နော်.....
နောက်ဆုံးတစ်ခုပြောချင်တာကတော့ ....
" မေ့ ကို မောင် အရမ်းချစ်တယ် .... မေ "
ချစ်သူကလေး မွေးနေ့မှာပျော်ရွှင်ပါစေ... ။
Happy Birthday to You !!
Happy Birthday to You
ချစ်သူလေးရဲ့
(၂၈)နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်
မောင်နဲ့အတူတူ ဘ၀တစ်လျှောက်လုံး
ပျော်ရွှင်စွာဖြတ်သန်းသွားနိုင်ပါစေ
(မွေးနေ့မှာ မေ ပျော်ရွှင်နိုင်ပါစေ)
Saturday, October 17, 2009
စိတ်ကူး (၂)
ပါတ်ဝန်းကျင်က မြူခိုးတို့ဖြင့် ဝေမှိုင်းအုံ့သီလျှက် ။ ၀န်းကျင်ကိုကောင်းမွန်စွာမမြင်ရချေ ။ တိတ်ဆိတ်မှုက အေးစက်ထုံကျင်နေသည် ။ ဟိုးအဝေးဆီမှ ဘုရားကျောင်းခေါင်းလောင်းသံ တိုးတိုးသဲ့သဲ့ ကြားနေရသလိုလို ရှိ၏ ။ ကျွန်တော် မည်သည့်အရပ်သို့ရောက်ရှိနေသနည်း ။ ကျွန်တော်ကိုယ်တိုင်ပင် မသိ ။ မြင်ကွင်းတွေကေ၀၀ါး အာရုံတွေက ထွေးပြားလျှက် ရှိသည် ။ နက်ရှိုင်းမဲမှောင်သော တောနက်တစ်နေရာဖြစ်ဟန်ရှိသော်လည်း ကျေးငှက်တစ်စုံတစ်ရာ၏ အသံအနည်းငယ်မျှပင် မကြားရခြင်းကတော့ ထူးခြားလေသည် ။
ဝိုးတ၀ါးဇဝေဇ၀ါဖြင့် ကျွန်တော်ရှေ့သို့လျှောက်လာခဲ့မိသည် ။ တစ်နေရာအရောက် ကုန်းမြင့်တစ်ခုထက်တွင် ကားစင်တစ်ခုတွေ့ရ၏ ။ ကျွန်တော် အံ့သြသွားသည် ။ ကားစင်ပေါ်တွင် သေအံ့ဆဲဆဲ ၀ံပုလွေတစ်ကောင် ။ ကျွန်တော် သူ့အနားတိုးသွားမိသည် ။ အသက်ကိုဖြည်းညှင်းစွာရှုရင်း သူကျွန်တော့်ကို တစ်ချက်ကြည့်၏ ။ ကျွန်တော်နဲ့စကားပြောချင်ဟန်ရှိသဖြင့် ကျွန်တော်စကားစမိသည် ။
" ခင်ဗျားက ဘယ်လိုဖြစ်ရတာလဲ "
သူက သက်ပြင်းတစ်ချက်ချ၏ ။ ပြီးတော့ ပြောသည် ။
" ခင်ဗျားတို့ လူတွေက မကောင်းပါဘူးဗျာ "
" ကျုပ်အရင်က ဆိုးခဲ့တယ်ဆိုတာဟုတ်ပါတယ် ၊ တောထဲကို ဟင်းစားလာရှာတဲ့လူတွေကို ရန်ရှာတယ် ၊ ဒုက္ခတွေပေးခဲ့တယ် ၊ ကျုပ်ကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးဘူးတယ် ၊ ဒါပေမယ့် ခုနောက်ပိုင်း ကျုပ်လဲအိုလာပါပြီဗျာ ၊ အဲဒါမျိုးတွေလဲမလုပ်တော့ပါဘူး ၊ ကျုပ်ဟာကျုပ် အေးအေးဆေးဆေးပဲနေနေတာပါ ၊ ဒါပေမယ့် လူတွေက တစ်ခုခုဖြစ်တိုင်းကျုပ်လုပ်တာဆိုပြီး ကျုပ်ကိုပဲ ပြသနာရှာကြတယ် ၊ ကျုပ်က ၀ံပုလွေပါ ၊ တိရိစ္ဆာန်ပါ ၊ ကျုပ်ရဲ့ဗီဇ ၊ လှုပ်ရှားမှုဓလေ့ထုံးစံအတိုင်းပဲ ကျုပ်လုပ်မှာပေါ့ ၊ လူတွေက ဘာဖြစ်လို့ တောထဲကိုလာသလဲ ၊ တောထဲလာလို့ ကျုပ်နဲ့တွေ့တာ ကျုပ်အပစ်မဟုတ်ပါဘူး ၊ ဒါပေမယ့် ခုလိုကျုပ်မလုပ်တော့လဲ ကျုပ်ပဲလို့ တထစ်ချမှတ်ယူလိုက်ကြတာတော့ မဖြစ်သင့်ပါဘူးဗျာ ၊ မှားတယ်ဆိုရင်တောင် တစ်ခါမှားဘူးရင် နောက်အမြဲတမ်းဒီလိုပဲ မှားနေတော့မှာပဲလို့ ဆုံးဖြတ်ကြသလား ၊ ခုလဲ မိန်းကလေးတစ်ယောက် တောထဲမှာပျောက်သွားလို့ ကျုပ်ကြောင့်ပဲဆိုပြီး ကျုပ်ကို လိုက်ရှာဖမ်း ၊ ပြီးတော့ အပစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ကျုပ်ကိုကြိုးပေးသတ်ပစ်လိုက်ကြတာပဲ ၊ ခင်ဗျားတို့ လူတွေက မတရားဘူးဗျာ "
ကျွန်တော် ဘာပြန်ပြောရမှန်းမသိပါ ။
" အင်း... ဒီလိုပါပဲဗျာ... ကျွန်တော်တောင်...... "
ကျွန်တော့် စကားမဆုံးလိုက်ချေ ။ ပြောချင်တာပြောပြီးသွား၍ ဖြစ်ဟန်ရှိသည် ။ ခေါင်းတစ်ချက်လည်သွားပြီး ၀ံပုလွေအသက်ရှုရပ်သွားလေသည် ။ ငှက်ဆိုးတစ်ကောင်ရဲ့ စူးရဲသောအော်သံနှင့်အတူ ထိုးပျံသွားသံ တစ်ချက်ကြားရသည် ။ အရာအားလုံးသည် ပြန်လည်တိတ်ဆိတ်အေးစက်လျှက် ကျန်ခဲ့ပြန်သည် ။
ကျွန်တော် သက်ပြင်းတစ်ချို့ကို ခပ်ဖြည်းဖြည်းချပြီး ခေါင်းခါမိသည် ။ ကျွန်တော့်စိတ်တွေ ပိုလေးလံသွား၏ ။ ထိုနေရာမှ ခွာလာဖြစ်ခဲ့တော့သည် ။ လျှောက်လာရင်း ဟိုးအဝေးဆီကိုမျှော်ကြည့်မိ၏ ။ ကျွန်တော့်အတွက် ကားစင်တစ်ခုလှမ်းမြင်နေရသယောင် ရှိလေသည် ။
ထိုနောက် အရာရာသည် အမှောင်အတိ ။
(မိုးခေတ်)
Tuesday, October 13, 2009
ပလုံ
ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ်...
ရေထဲက ငါးခုန်တက်လာတာလဲ ဖြစ်နိုင်တယ်...
တစ်နေ့မှာ ငါ့အတ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်...
ဘယ်လိုဖြစ်သွားလဲမသိဘူး...
' ပလုံ '
(တာရာမင်းဝေ)
Monday, October 12, 2009
ကျွန်တော်နှင့် လမ်းကလေး
လမ်းကလေး ... ။ လမ်းကလေးက ငြိမ်သက်စွာစီးဆင်းလျှက်ရှိသည် ။ ထိုလမ်းကလေးသည် ကျွန်တော်၏ လမ်းကလေး ဖြစ်ပါသည် ။ လမ်းကလေးပေါ်တွင် ကျွန်တော်သည် လိုက်လျောညီထွေစွာ စီးမြောလျှက်ရှိသည် ။ လမ်းကလေးက ငြိမ်သက်မနေပါ ။ လမ်းကလေးက စီးဆင်းနေပါသည် ။ ထို့ကြောင့် ကျွန်တော်သည်လည်း လမ်းကလေးနှင့်အတူ အရှေ့ဆီသို့မျှော်ကြည့်ရလေသည် ။
ကျွန်တော်၏လမ်းကလေးသည် လှပသော်လည်း မလှပါ ။ သို့ဖြင့် မလှသော်လဲ လှနေပါသည် ။ လမ်းကလေး၏ အထက်ဝန်းကျင်တွင် အညိုရောင်မြူခိုးတို့ဖြင့် ရစ်ဆိုင်းဖွဲ့သီကာ ပိန်းပိတ်အောင် အုံ့ဝေလျှက်ရှိသည် ။ ထို့ကြောင့် လမ်းကလေးဧ။် ဦးတည်ရာသည် မည်သည့်နေရာသို့ ရည်ရွယ်နေမှန်း မှော်ဆရာတောင်သိနိုင်မည်မထင်ချေ ။ ငြိမ်သက်စွာစီးဆင်းနေသော်လည်း လမ်းကလေးကဖြောင့်တန်း
မနေပါ။ အကွေ့အကောက် ၊ အချိုးအကွေ့တို့ဖြင့် မာယာများလှချေ၏ ။ လမ်းကလေးသည် အသစ်အဆန်းနေရာများ ၊ လှို့ဝှက်မှုန်သီသောလျှိုမြှောင်များ ၊ ရီဝေလင်းပွင့်သော တောင်ကုန်းများနှင့် နက်ရှိုင်းမဲမှောင်သော ချောက်ကမ်းပါး များကြားမှ ကွေ့ကာဝိုက်ကာဖြင့် ကျွန်တော့်အား
ခေါ်ဆောင်သွားပါသည် ။
လမ်းကလေးပေါ်တွင် ကျွန်တော်သည် အဖြစ်အပျက်အတွေ့အကြုံတို့များစွာ တွေ့ကြုံရလေသည် ။ စိတ်ခံစားမှုမျိုးစုံ အတွေ့အကြုံ အဖုံဖုံတို့က ကျွန်တော်နှင့် လက်ပွန်းတတီး ။ လမ်းကလေးသည် အချို့နေရာများတွင် ညီညာပြန့်ပြူးသော်လည်း အချို့နေရာများတွင်မူ ချိုင့်ခွက်ဆူးညှောင့်ခလုတ်တို့ဖြင့် ပြည့်နှက်လျှက်ရှိသည် ။ ကျွန်တော်သည် လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း အကြိမ်ကြိမ်
လဲပြိုခဲ့ဘူးသည် ။ အကြိမ်ကြိမ်လဲ ကိုယ့်ကိုကိုယ်ပြန်ထူ အားယူကာ ဆက်လက်လျှောက်လှမ်းခဲ့ရပါသည် ။
လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း ကျွန်တော်သည် လူများနှင့်တွေ့ဆုံရလေသည် ။ အချို့လူများသည် ကျွန်တော်နှင့် ဦးတည်ရာခြင်းတူညီကြသည် ။ သို့သော် လျှောက်လှမ်းပုံခြင်း မတူညီကြ ။ အချို့သူများက
ဖြောင့်ဖြောင့်တန်းတန်းလျှောက်ကြသော်လည်း အချို့သူများသည် အကွေ့အကောက်အလိမ်အမှောက် တို့
ဖြင့် ကွဲပြားကြလေသည် ။ အချို့လူများကမူ ကျွန်တော်နှင့်ဦးတည်ရာခြင်း မတူညီကြ ။ ကိုယ်ယုံကြည်ရာ
အရပ်ဆီသို့ ။ အချို့က ခပ်သုတ်သုတ်သွားကြသလို အချို့က ဖြေးဖြေးမှန်မှန်သွားကြသည် ။ အချို့က လေးဖင့်နှေးကွေးစွာသွားကြသလို အချို့က တစိုက်မတ်မတ် ။
မည်သို့ပင်ဖြစ်စေ အားလုံးသည် လမ်းကလေး၏ ဧည့်သည်များဖြစ်ကြသောကြောင့် တွေ့ဆုံပေါင်းဖော်ကြရ
လေသည် ။ တစ်ချို့ကနီးနီးကပ်ကပ် တစ်ချို့ ကဟိုးအဝေးမှာ ။ ကျွန်တော်နှင့်တွေ့ဆုံပေါင်းဖော်ခဲ့ကြသူများ
သည် ကျွန်တော်အား ကြိုးတို့ဖြင့် တုပ်နှောင်ကြလေသည် ။ (တစ်နည်း) ကျွန်တော့်အား ကြိုးချည်နည်းကို
သင်ကြားပေးကြလေသည် ။ သို့ရာတွင် ကျွန်တော်သည် ကြိုးချည်ရန်ဝါသနာမပါ ပါ ။ ထို့ကြောင့် ကျွန်တော်
သည် လမ်းကလေးပေါ်တွင် တစ်ယောက်တည်း အထီးကျန် ။ (တစ်နည်း) တစ်ကိုယ်တည်း လွပ်လပ်စွာ စီးမြောလျှက် ။ ကျွန်တော်သည် ကြိုးများကိုမုန်းပါသည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော် သည်
တစ်ကိုယ်တည်း ရပ်တည်နိုင်သည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော့်အတွက် အဖော်မလိုအပ်
(ထို့သို့ ကျွန်တော်ထင်သည် ) ။
ထိုသို့ဖြင့် လမ်းကလေးပေါ်တွင် ကျွန်တော်တစ်ယောက်ထဲ မြောလွင့် ။ မည်သည့်အရပ်ဆီသို့ ဦးတည်မိသလဲ ဆိုသည်မှာ ကျွန်တော်ကိုယ်တိုင်ပင်မသိ ။ လမ်းကလဲရှိနေသည် ။ ခြေထောက်ကလဲပါနေသည် ။ ထို့ကြောင့်ကျွန်တော် လျှောက်လှမ်းပါသည် ။ လျှောက်ရမည်ဟု မည်သူက
ချမှတ်ထားမှန်းမသိသော အမိန့်တစ်စုံတစ်ရာဖြင့် ကျွန်တော်ဆက်လျှောက်သည်
(ထိုသူမှာ ကျွန်တော်လဲ ဖြစ်နိုင်ပါသည် ) ။ လျှောက်နေသဖြင့် တစ်နေရာရာကိုတော့ ရောက်မည်ဖြစ်သည် ။
မည်သည့်နေရာလဲတော့ မသိချေ ။ တစ်နေ့တစ်လံမဟုတ်သဖြင့် ပုဂံကိုတော့ရောက်မည် မဟုတ်ပါ ။
ယခုနေရာတွင် ရှိနေတော့မည် မဟုတ်သည်ကတော့ သေချာပါသည် ။
ထိုသို့ဖြင့်.....
ထိုသို့ဖြင့် ကျွန်တော်သည် လျှောက်သမျှကောက်နေသောလမ်းအား ဆက်လျှောက်နေပါသည် ။
ထိုသို့ဖြင့် ကျွန်တော်သည် လမ်းရှိနေသော်လည်း လမ်းပျောက်နေသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပါသည် ။
ထိုသို့ဖြင့်..... ။ ။
( ဒီစာစုကလေးကို လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်တော်ရေးထားခဲ့တာပါ ။ကိုယ့်ဘာသာစိတ်ထဲ
ရှိရာရေးထားခြင်း ဖြစ်ပါတယ် ။)
(မိုးခေတ်)
Thursday, October 1, 2009
ဗုဒ္ဓဟာ စကားပြောတဲ့နေရာမှာ
ဗုဒ္ဓဟာ စကားပြောတဲ့နေရာမှာ......
၁ ။ မဟုတ်မမှန်ဘူး ၊ အကျိုးစီးပွားနဲ့လည်း စပ်ယှဉ်မှု မရှိဘူး ၊ သူတစ်ပါး နှစ်သက်မှု ၊ နှစ်ခြိုက်မှုလည်း မရှိဘူး ဆိုတဲ့ စကားမျိုးကို မပြောဘူး ။
၂ ။ ဟုတ်မှန်မှုတော့ ရှိတယ် ၊ ဒါပေမယ့် အကျိုးစီးပွားနဲ့မစပ်ယှဉ်ဘူး ၊ သူတစ်ပါး နှစ်သက်မှုလည်း မရှိဘူး ဆိုတဲ့စကားမျိုးကို မပြောဘူး ။
၃ ။ မဟုတ်မမှန်ဘူး ၊ အကျိုးစီးပွား နဲ့လည်း စပ်ယှဉ်မှု မရှိဘူး ၊ ဒါပေမယ့် သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုတော့ ရှိတယ် ဆိုတဲ့ စကားမျိုးကိုလည်း မပြောဘူး ။
၎ ။ ဟုတ်မှန်မှုရှိတယ် ၊ သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုလည်း ရှိတယ် ၊ ဒါပေမယ့် အကျိုးစီးပွားနဲ့ စပ်ယှဉ်မှု မရှိဘူး ဆိုတဲ့စကားမျိုးကိုလည်း မပြောဘူး ။
၅ ။ ဟုတ်မှန်မှု ရှိတယ် ၊ အကျိုးစီးပွား နဲ့လည်း စပ်ယှဉ်တယ် ၊ ဒါပေမယ့် သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုတော့ မရှိဘူး ဆိုတဲ့ စကားမျိုးကို အခြေအနေအရ အခါအားလျော်စွာပြောတယ် ။
၆ ။ ဟုတ်မှန်မှု ရှိတယ် ၊ အကျိုးစီးပွားနဲ့လည်း စပ်ယှဉ်တယ် ၊ သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုလည်း ရှိတယ် ဆိုတဲ့ စကားမျိုးကို အခြေအနေကြည့်ပြီး အခါအားလျော်စွာ ပြောပါတယ် ။
(နန္ဒသိန်းဇံ - " မှန်သောစကားကို ဆိုခြင်း နှင့် ပါတ်သတ်သော မှတ်ချက်များ " စာအုပ်မှ )
စိတ်ကူး (၁)
မှောင်မဲတိတ်ဆိတ်နေသော အခန်းငယ်လေး၏ ထောင့် ချိုးတစ်ခုတွင် လူငယ်လေးတစ်ယောက် အခန်းနံရံကိုမှီ လျှက် ရီဝေသောမျက်လုံးများ ဖြင့် ထိုင်နေသည် ။ တစ်နေရာရာကို ကြည့်နေသော်လည်း မြင်ပုံမပေါ်ပါ ။နုတ်ခမ်းဖျားလေး လှုပ်ခတ်ရုံသာ တစ်စုံတစ်ရာကို ရွတ်ဆိုနေ၏ ။ မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် လိမ်းကျံထားလေသည် ။ အရာရာ ကို လက်မြှောက်အရှုံးပေးထားသလို သူ့ဟန်ပန်က နွမ်းလျှလှသည် ။
ကျွန်တော် သူ့အနားတိုးကပ်သွားသည် ကို သူသတိထားမိပုံမပေါ်ပါ ။ ဒါမှမဟုတ် ဂရုမမူသည် လည်းဖြစ်နိုင်သည် ။ ဘယ်လိုခံစားမှုတွေကများ သူ့ကို ဖိစီးနေပါလိမ့် ။ အခန်းငယ်လေးက ချမ်းမြအေးစိမ့်နေ
သော်လည်း သူအအေးဒဏ်ကို သတိရပုံမပေါ်ချေ ။ ကျွန်တော် သူ့အနားတွင် အသာအယာ ထိုင်ချလိုက်၍ သူ့ကိုကြည့်မိသည် ။ သူက ပြန်မကြည့်ပါ ။ သေချာကြည့်မှ သူ့မျက်နှာ ပေါ်တွင် ရှိနေသည် မှာ ၀မ်းနည်းကြေကွဲမှုသပ်သပ် မဟုတ်ပဲ ရောယှက်နေ၏ ။ အဓိပ္ပါယ်ဖော်ရခက်ခဲသော မျက်နှာထားဖြစ်သည် ။
သူက ကျွန်တော့်ကို မကြည့်ဘဲ တိုးတိုးလေး တစ်ခွန်းပြော၏ ။
" အမှန်တရား ဆိုတာကို သိသလား "
ကျွန်တော် ဘာပြန်ပြောရမှန်း မသိပါ ။ သူဘာကို ရည်ရွယ်၍ မေးသည်လဲ ။ ကျွန်တော် တွေဝေနေချိန်တွင်
သူကထပ်ပြောသည် ။
" လောက မှာ အမှန်တရား ဆိုတာ ရှိရော ရှိရဲ့လား "
မေးခွန်းများဖြစ်သော်လည်း ကျွန်တော့် ကိုမေးပုံ မပေါ်ပါ ။ သူဘာသာပြောနေခြင်းဖြစ်နိုင်သလို တစ်စုံတစ်ယောက် အား တိုင်တည်မေးမြန်းနေခြင်းလဲ ဖြစ်နိုင်ပါသည် ။
" ရှိရင်ရော ဘယ်နှစ်ခု ရှိနိုင်သလဲ "
ပြောပြီးတော့ သူခပ်တိုးတိုးလေး ရယ်၏ ။ နာကျင်စွာ ရယ်ခြင်းဖြစ်သည် ။ကျွန်တော် နားမလည်တော့ပါ ။
ဤလူငယ်ကလေး တွင် ဘယ်လိုခံစားချက်များရှိနေသလဲ ။ ဘာတွေကို ခံစားနေရသလဲ ။ကျွန်တော် ခေါင်းကို
ခပ်ဖြည်းဖြည်း ခါမိသည် ။ စိတ်မကောင်းပါ ။ သူ့အနားမှ ကျွန်တော် ထထွက် လာခဲ့တော့၏ ။
စိတ်ခပ်လေးလေးနှင့် တစ်ခုတော့ စဉ်းစားမိသည် ။
" သူရူးနေတာပဲ ဖြစ်ရမယ် "
ထို့နောက် အရာရာ သည် အမှောင် အတိ ။ ။
(မိုးခေတ်)
ဖြေပေးကြပါ
ဘယ်လို စကားမျိုးတွေကို ပြောရမလဲ ။
ဘယ်လို ပုံစံနဲ့ နေထိုင်ရမလဲ ။
ဘယ်လို အတွေး တွေကို တွေးရမလဲ ။
ဘယ်လို အလုပ်မျိုးတွေကို လုပ်နေရမလဲ ။
ဘယ်လို ပုံစံနဲ့ ဖြေရှင်းပြရမလဲ ။
ဘာကို မကျေနပ်ဖြစ်ရမလဲ ။
ဘယ်နေရာ ကို ဦးတည်ပြီးသွားရမလဲ ။
ဘာရည်ရွယ်ချက်နဲ့ အသက်ဆက်ရှင်နေရတော့မလဲ ။
ဘာကို....
ဘယ်လို...............
ဘာအတွက်.................
................................................. ။
.........................
နောက်ဆုံးတော့.....
ငါ့ကိုငါတောင် ရှာမတွေ့တော့ဘူး ။ ။
(မိုးခေတ်)
Thursday, September 24, 2009
.........
ကြာ...ခဲ့...တယ် ။
သီချင်းတွေနဲ့ ကိုယ့်ကိုကိုယ် ကုတ်ခြစ်
ဂစ်တာပျော့တစ်လက်လိုလည်း ဆန့်မော့ညွှတ်ကွေး
သူ့နာမည်ကို
ခွေးရည်ပုရပိုက်မှာ မရေးဘူးလို့လည်း
ငြင်း...ခဲ့...တယ် ။
နားလည်ပါရဲ့ကွယ်
နှင်းဆီဖြူဆွတ်လေး တစ်ပွင့်အတွက်
ဒီလောက်တော့ ရင်နင့်ပေးရမှာပေါ့ ။
ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲခဲ့တာပါ ။
အစိတ်စိတ်အမွှာမွှာ ကွဲပြီးခါမှ
' လမင်း ' ပြန်လုပ်ရမှာမှို့လို့
နည်းနည်းတော့ကြာမယ်....
ကြာ... လိမ့်... ဦး... မယ်... ။
အဲဒီလိုနဲ့...
ဓားကျိုးကြီးတစ်လက်ကို စိုက်ပျိုးခံစား
ငါ့တောင်ယာလေး စကားနည်းနေတုန်းပဲကွယ်... ။ ။
အခုလတ်တလော ရင်ထဲရောက်နေတဲ့ ကဗျာလေးပါ ။......
Friday, July 24, 2009
မေ........သို့....
မေ......ရေ....
ဒီနေ့ဆိုရင် မေ နဲ့ မောင် ချစ်သူတွေဖြစ်ခဲ့ကြတာ လေးလပြည့်သွားပြီနော်...
လွန်ခဲ့တဲ့လေးလ ဒီနေ့ ညမှာ မေ နဲ့ မောင် ချစ်သူတွေဖြစ်ခဲ့ကြတယ်...
မေ့ဆီက ချစ်ခြင်းတွေရခဲ့တဲ့ ဒီနေ့လေး ကို မောင် ဘယ်တော့မှမေ့ မှာမဟုတ်ပါဘူး...
ခုဆိုရင် မောင် တို့ရဲ့ချစ်ခြင်းတွေက တဖြည်းဖြည်းနဲ့ခိုင်မာလာနေပြီနော်...
မေ နဲ့ ချစ်သူဖြစ်ခွင့်ရနေတာ မောင် အရမ်းပျော်ပါတယ်....မေ...
နောက်လဲ ဒီလိုနေ့လေးတွေအများကြီး မေ နဲ့တူတူ မောင်ဖြတ်သန်းသွားချင်ပါတယ်....
မောင်တို့ လက်တွေမဖြုတ်စတမ်းပေါ့နော်....မေ....
မေ့ လက်ကိုမောင် မြဲမြဲကိုင်ထားပါတယ်....
မောင့်အတွက် အင်အားတွေပေးနေတဲ့ ချစ်သူလေး မေ....
မောင် နဲ့တူတူအမြဲတမ်းရှိနေပေးပါနော်...
..................
မေ့ ကို မောင် အရမ်းချစ်တယ်....။ ။
(မောင်)
ချစ်သက်တမ်း လေးလပြည့်
Wednesday, June 10, 2009
ည
ည...
အတိတ်က အရိပ်မည်းတွေက
ငါ့ကို ပြန်နင်းခြေသွားတဲ့ ည... ။
မှောင်လိုက်တာ...
နေဆယ်စင်းထွန်းတောင် လင်းတော့မယ်မထင်ဘူး ။
ကံအကြောင်းက မကောင်းခဲ့ပါဘူးဆိုမှ
ဒီမိုးတွေကလဲ....
ငါသွားလေရာမှာ လိုက်လိုက်ရွာတယ် ...
တစ်ကိုယ်လုံးကို ရွှဲနစ်လို့ ။
ဒီချောက်ကမ္ဘားက ငါတက်နိုင်ပါဦးမလား..
လက်ထဲက ကောက်ရိုးတစ်မျှင်ကလဲ..
နွမ်းလျှပျော့ခွေလို့ ။
ဒါပေမယ့်...
ယိုင်နဲ့နုတ်ခမ်းတွေနဲ့...
ခပ်တိုးတိုးလေး သူ့နာမည်ကိုရွတ်ဆို..
ဆုတောင်းတစ်ခုကိုလဲ
မ၀ံ့မရဲ ကြေညာမိသေးတယ်..
မနက်ဖြန် မိုးအလင်းမှာ...
ချစ်သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ် ။
အဲဒီလိုနဲ့ပဲ...
မိုးလင်းသွားတာတောင်..
ကျွန်တော်က မှောင်တုန်း ။ ။
(မိုးခေတ်)
အိပ်မပျော်သော ညတစ်ည သို့........ ။
Tuesday, May 19, 2009
အလွမ်း
ဒီနေ့ကလေးက ထူးခြားသည် ။ ပြဿဒါးဟုတ်မဟုတ် ကျွန်တော်မသိပါ ။ ဆယ့်သုံးရက်နေ့မဟုတ်တာတော့ သေချာပါသည် ။ ( ဒီနေ့က ဆယ့်လေးရက်နေ့ ဖြစ်သည် )
ချစ်သူနှင့် တွေ့ခွင့်မရှိသောနေ့ ။ ချစ်သူ့အဝေးမှာနေရသောနေ့...။ ချစ်သူ့အမိန့်နှင့် ဖြစ်သောကြောင့် ကံကြမ္မာကို ကျွန်တော်မုန်းပါသည် ။
ချစ်သူရော ပျော်နေမည်လား ( ထို့သို့ကျွန်တော်မထင်ပါ ) ။ ချစ်သူကရော မည်သို့ထင်မည်လဲ ။ ကျွန်တော် စိတ်ဝင်စားပါသည် ။ မကြာလှသောအချိန်တွင် အရမ်းနီးကပ်ခဲ့ကြသော ကျွန်တော်တို့နှစ်ယောက်အတွက် ထိုမျှလောက်အဝေးသည် ရင်နှင့်မမျှပါ ။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ငေး မိချိန်တွင် အံ့သြမှုအတိနှင့် ဖြစ်သည် ။ အသစ်ဖြစ်သည် ။ ချစ်သူနှင့် ပတ်သတ်လျှင် ကျွန်တော်မသိသော ကျွန်တော့်အား ပြန်ပြန်မြင်ရသောအခါများမှာ အကြိမ်ကြိမ်ပင်ဖြစ်သည် ။ ရှင်းပြနေလျှင် လည်း အပ်ကြောင်းထပ်နေသော စကားများသာ ပြန်ကြားနေရပါလိမ့်မည် ။ ထိုသို့မဖြစ်ချင်ပါ ။ ထိုမျှနှင့်မလုံလောက်ပါ ။ သေချာတာကတော့ ကျွန်တော်လွမ်းနေပါသည် ။ လွမ်းသည် ဆိုသောစကားနှင့် မလုံလောက်အောင်ပင် လွမ်းနေပါသည် ။ ကျွန်တော်က ချစ်သူ့အချစ်နှင့် ရှင်သန်နေသောသစ်ပင်တစ်ပင် ဆိုလျှင် ထိုအလွမ်းကြောင့် ရွက်ကြွေများ တစ်ဝေေ၀ ဖြစ်နေပါလိမ့်မည် ။
ချစ်သူ...ရေ......
လွမ်းတယ်...
လွမ်း....တယ်....
လွမ်း..............တယ်...........။
အင်္ဂါဆိုတဲ့ နေ့တစ်နေ့ က
ငါ့ကို အကုန်ယူသွားတယ် ။
ငါ့မှာ...တစ်ယောက်ထဲ ဖြစ်နေရတဲ့ အထဲ
ဝေါခနဲ ပျောက်ဆုံးလိုက်ရ ။
ဘယ်ဆောင်းဥတုကမှ
လက်သင့်မခံတဲ့ ဆီးနှင်းတစ်စက်လို
နွေရာသီတွေဆီ လှည့်ထွက်ခဲ့ရ ။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကိုမတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ကောင်မှို့
...........
မှောင်တယ် ။
လွမ်းလွမ်းဆွတ်ဆွတ် ငါတွေးမိရဲ့
ကျောက်တုံးပေါ် တင်အသွေးခံရတဲ့ဓါးလို
ငါလည်း အစားခံနေရချိန်..လို့ ။
(မိုးခေတ်)
၁၄-၅-၂၀၀၉ ၊ ကြာသပတေးနေ့ ။
Thursday, May 14, 2009
Rules for being Human
( လူ့ပြည်မှာ လူဖြစ်ရတော့မယ့် ၀ိဥာဉ် တစ်ခုကို သြ၀ါဒ ပေးထားတဲ့သဘောပါ )
(၁) သင်ဟာ ခန္ဓာတစ်ခုကို ရမယ် ။
အဲဒီ ခန္ဓာကို သင်ကြိုက်ချင်လည်းကြိုက်မယ် ၊ မုန်းချင် လည်းမုန်းမယ် ။ ဒါပေမယ့် ဒီဘ၀အတွက်တော့ ဒီခန္ဓာဟာ သင့်ခန္ဓာကိုယ် ပါပဲ ။
(၂) ရောက်သွားတဲ့ ဘ၀မှာ သင်ဟာ သင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ် ။
ရအောင်လုပ်ရလိမ့်မယ် ။
' ဘ၀ ' လို့ခေါ်တဲ့ သင်ရိုးသတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို စာရင်းသွင်းထားပြီ ။
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်အတွက် သင်ခန်းစာတွေ ဆည်းပူးခွင့်ရလိမ့်မယ် ။
ဒီသင်ခန်းစာတွေကို သင်သဘောကျချင်လည်းကျမယ် ။ အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ် ။ အဓိပ္ပါယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ် ။
(၃) အမှားမရှိပါဘူး ။ သင်ခန်းစာတွေချည်းပါပဲ ။
လုပ်ကြည့်လိုက်ရင်း ၊ မှားမှန်းသိရင်း ၊ ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့သူ ၊ အသိဥာဏ်ကြီးထွားတဲ့သူ ဖြစ်လာတာပဲ ။
မအောင်မြင်တဲ့ စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွားမှုကို အထောက်အကူ ပြုပါတယ် ။
(၄) ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရတယ် ။
သင်ခန်းစာ တစ်ခုကို မကျေညက်ရင် အဲဒီသင်ခန်းစာ ပဲထပ်တွေ့ရမယ် ။ စာမေးပွဲမအောင်ရင် အဲဒီအတန်းမှာပဲ ထပ်နေရဦးမယ် ။
သင်ခန်းစာမရမချင်း ဒီသင်ခန်းစာရမယ့် အခြေအနေကို ပုံစံမျိုးစုံနဲ့ ထပ်တွေ့ရမယ် ။
သင်ခန်းစာ တစ်ခုကို သေသေချာချာနားလည်သွားပြီ ၊ သဘောပေါက်သွားပြီ ၊ ကျေညက်သွားပြီ ဆိုရင် နောက်သင်ခန်းစာ တစ်ခုကို တက်ရပြီ ။
(၅) ပညာသင်တာဟာ အဆုံးမရှိဘူး ။
ဘ၀မှာ သင်ခန်းစာယူစရာတွေရှိနေသေးတာပဲ ။
(၆) ဟိုနေရာဟာ ဒီနေရာထက် ပိုမကောင်းဘူး ။ အနာဂတ်ဟာ ပစ္စုပ္ပန် ထက်ပိုကောင်းတယ်လို့
ထင်ရတဲ့ နောက်ထပ် အနာဂါတ် တစ်ခု ရဦးမှာပဲ ။
(၇) သူတစ်ပါးဟာ သင့်ရဲ့မှန်တွေပါပဲ ။
သူတစ်ပါးကို မုန်းတယ်ဆိုရင် ငါ..သူ့ကိုဘာကြောင့်မုန်းသလဲဆိုတာ သေသေချာချာကြည့်ပါ ။
ငါ..သူ့ကိုမုန်းရတဲ့ အကြောင်း ငါ့မှာလည်းရှိတယ် ။ လူတစ်ယောက်ကိုချစ်တယ် ၊ ခင်တယ် ဆိုရင်လည်း
ကြည့်ပါ ။ သူ့ကိုငါ ဘာလို့ချစ်တာလဲ ။
(၈) သင့်ဘ၀ကို သင်ဘာလုပ်တယ် ဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ် ။
သင့်မှာ လိုအပ်တဲ့ လက်နက်ကိရိယာ နဲ့ ပစ္စည်း တွေရှိနေပါတယ် ။
အဲဒီလက်နက်ကိရိယာနဲ့ ပစ္စည်းတွေကို သင်ဘယ်လိုအသုံးပြု သလဲဆိုတာ သင့်အပေါ်မှာပဲ
မူတည်ပါတယ် ။ သင်ကြိုက်တာ ရွေးခွင့် ရှိပါတယ် ။
(၉) သင့်အတွက် အဖြေဟာ သင့်အတွင်းမှာပဲ ရှိပါတယ် ။သင့်ဘ၀နဲ့ ပါတ်သတ်တဲ့မေးခွန်းတွေရဲ့ အဖြေဟာ
သင့်အတွင်းမှာပဲ ရှိပါတယ် ။
လုပ်ဖို့လိုတာကတော့ ဥာဏ်နဲ့ကြည့်ဖို့ ၊ နားထောင်ဖို့ နဲ့ ယုံကြည်မှု ရှိဖို့ပဲ ။
(၁၀) ခုလိုမှာလိုက်တာတွေကို သင်မေ့ သွားလိမ့်မယ် ။
(ဖတ်ဖူးထားပြီး သဘောကျခဲ့တဲ့ဟာလေးတစ်ခုပါ ။ ဘယ်နေရာမှာ ဘယ်သူရေးထားတာလဲ ဆိုတာ မမှတ်မိတော့ပါဘူး ။)
ငါ့ဓား
ဒုက္ခက
ငါ့ကိုယ်ငါ မာကျောစေမယ့် ရွှံ့စေးမြေ
ဒဏ်ရာအနာတရက
ငါ့ကိုယ်ငါ ချွန်မြစေမယ့် ဓားတွေ
ဖုန်ဆိုးမြေ ကန္တာရကို
ငါ့လက်ငါ့ခြေ ခုတ်ထွင်ခဲ့
အလေ့ကျ ဖြစ်ချင်ဖြစ်ပါစေ
ဆေးဖက်တော့ ၀င်ချင်ရဲ့
ငါကိုက်ချီပျံသန်းသွားမဲ့ ... မျိုးစေ့တွေ ... ။
ကံကြမ္မာကို မယုံကြည်
ဟောဒီတိုက်ဆိုင်မှုမှန်သမျှ
ငါလုပ်လို့ ရခဲ့တာချည်း
အဲသလို ငါ့ကိုယ်ငါ ကိုးကွယ်တယ် ။
ကြေကွဲဖွယ် ငါ့အနာဂတ်က
လိမ္မာခြင်းရဲ့ ဆုလာဘ်
ဟောဒီလူ့အဖြစ်ကတော့
မိခင်ပေးတဲ့ အမြတ်ဆုံးဆုလာဘ်
ဘ၀ကို တပ်မက်ဖို့
ငါ့မှာ ...
ဓားတစ်လက် ရှိတယ် .. ။ ။
( မြတ် )
Saturday, May 9, 2009
Time
"It's better not to get ripe , for they will come plucking you ."
Other fruits are forbidding the little fruit . That little fruits does not agree .
"If I don't have to be ripen and afraid to be plucked , what's the use of being a fruit ."
As soon as the words ended , the fruit shone in a golden color.
" အချိန်အခါ "
"မမှည့်ပါနဲ့ ၊ မှည့်လိုက်ရင် မင်းကိုဝိုင်းခူးကြမှာပဲ "
သစ်သီးလေးတစ်လုံးကို အခြားသစ်သီးများက ၀ိုင်းတားမြစ်နေကြခြင်းဖြစ်ဧ။် ။ ထိုသစ်သီးလေးကလက်မခံ ။
"ခူးမှာကြောက်လို့ မမှည့်ရဘူးဆိုရင် ငါသစ်သီးဖြစ်ရကျိုးဘယ်နပ်တော့မလဲ "
စကားဆုံးလျှင်ဆုံးချင်း...
ရွှေအဆင်းဖြင့် သူဝင်းလိုက်လေသည် ။
Existence
"This is the ash from the burning wood , what are you going to do ?
"Sir, I want to know something. Will these ashes burn again ?"
"No , they can't burn ."
"I , too want to know this thing . From today , I won't stay , like the wood , I'll stay , like ash. "
" ဖြစ်တည်မှု "
"အဲဒါသစ်သားက မီးလောင်ပြီးကျန်ခဲ့တဲ့ ပြာတွေပဲ ၊ မင်းဘာလုပ်မလို့လဲ "
" ကျွန်တော်သိချင်တာရှိလို့ဆရာ ၊ ဒီပြာတွေကရော မီးထပ်လောင်နိုင်ဦးမလား "
"ဟင့်အင်း ၊ မလောင်နိုင်တော့ဘူး "
"ကျွန်တော်လဲ အဲဒါကိုသိချင်တာဆရာ ၊ ဒီနေ့ကစပြီး ကျွန်တော် 'သစ်သား ' လိုမနေတော့ဘူး ၊ ' ပြာ ' လိုပဲနေတော့မယ် "
Deed
The merchant said ironically to a boy who was collecting stones.
"What ? Are you going to throw the stones at the sky ? Don't do it, your stones will never reach the sky ."
A boy continued picking up the stones and replied camly .
"Uncle, it's not as you say . I'm going to throw them into the sea, and these stones will fall on the floor of it. I'm sure. "
" လုပ်ရပ် "
ကျောက်ခဲစုဆောင်းနေသော သူငယ်ကလေးတစ်ဦးကို ကုန်သည်ကြီးတစ်ဦးက လှမ်းခနဲ့ဧ။် ။
"ဘာလဲ..ကောင်းကင်ကြီးကို ခဲနဲ့ပေါက်မလို့လား ၊ လုပ်မနေနဲ့..မင်းခဲလုံးက ကောင်းကင်ဆီကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး "
သူငယ်ကလေးကတော့ ကျောက်ခဲတွေကို ဆက်ကောက်မြဲကောက်ဧ။် ။ စကားတစ်ခွန်းကိုလည်း အေးအေးဆေးဆေးပြန်ပြောသည် ။
"ဦးလေးပြောသလို မဟုတ်ပါဘူး ၊ ပင်လယ်ထဲကို ပစ်ချမလို့ပါ ၊ ဒီကျောက်ခဲတွေဟာ ပင်လယ်ရဲ့ အောက်ခြေကြမ်းပြင်အထိ ကျသွားကြမှာပါ ၊ သေချာပါတယ် "
ချစ်သူသို့
သံချေးတစ်ထပ် ရွှံ့တစ်ထပ်မှို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်းဘယ်လိုမှ ဖတ်ရမှာမဟုတ်ဘူး ။
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ် ။
ချစ်သူရေ...
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
... ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့ ။
ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆို
( တာရာမင်းဝေ )
ချစ်သူကိုပေးဖတ်ဘူးတဲ့ကဗျာလေးပါ.....ကျွန်တော်လည်းကြိုက်တယ်....
ချစ်သူလည်းကြိုက်လိမ့်မယ်လို့ထင်ပါတယ်...
ချစ်သူသို့
သံချေးတစ်ထပ် ရွှံ့တစ်ထပ်မှို့
သူတို့ရဲ့ စိတ်အတင်အချကို
မင်းဘယ်လိုမှ ဖတ်ရမှာမဟုတ်ဘူး ။
အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ် ။
ချစ်သူရေ...
လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ ။
စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
... ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့ ။
ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆို
( တာရာမင်းဝေ )
ချစ်သူကိုပေးဖတ်ဘူးတဲ့ကဗျာလေးပါ.....ကျွန်တော်လည်းကြိုက်တယ်....
ချစ်သူလည်းကြိုက်လိမ့်မယ်လို့ထင်ပါတယ်...
အမည်မရှိ
ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင့်မိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ ။
ဟိုးမှာ..
ဘုရားသခင်ရှေ့တော်မောက်က
အိပ်မက်တွေ ဒူးထောက်လဲကျနေတဲ့လူ
သူ့ကိုကူပါရစေဦး ။
ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေ မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ် ။
တစ်နေ့တော့ တွေ့ကြမယ် ။
နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ ။
အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းရေးနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ် ။
ချစ်သူကလေးရေ
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နှင့် အတူကြိုပါ
လရောက်စက် တဝေေ၀နဲ့
သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်.. ။ ။
( တာရာမင်းဝေ )
ငှက်
ထုထောင်းတဲ့မာန်
လောကဓံကို
တန်ပြန်ရိုက်လှဲ
အနိုင်နွှဲဖို့
အသိုက်ထဲကထွက်ခဲ့တယ် ။ ။
မောင်လှမျိုး ( ချင်းချောင်းခြံ )
~~ငါ့ရဲ့....နှင်းဆီ~~
အဲဒီနေ့က..
လူရိုင်းတို့တီးတဲ့ ဗုံသံလို ...
ငါ့ရင်ခုန်သံစည်းချက်တွေ ကျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရတယ် ။
ရင်သတ်ရှုမောပါပဲ...
ငါ့ကိုငါပြန်အံ့သြရင်း
ဖူးပွင့်ခဲ့တဲ့ ငါ့ရဲ့နှင်းဆီကို ငါပြန်တွေ့ခဲ့တယ်
တမင်စိုက်ပျိုးခဲ့တာမဟုတ်ပါဘူး...
ခူးချွေဖို့လဲ ရည်ရွယ်ချက်မရှိခဲ့ဘူး...။
ဒါပေမယ့်...
ငါသိချင်ပါသေးတယ်..
ဘယ်လိုပန်းပွင့်မျိုးလဲ
ဘယ်လိုရနံ့မျိုးရှိသလဲ
ဘယ်လိုအရောင်အသွေးမျိုးနဲ့တောက်ပသလဲ..။
ကောင်မလေးရေ...
တကယ်တော့.. ငါကအရူးတစ်ယောက်ပါ
ဘယ်လိုသံစဉ်မျိုးနဲ့ ကခုန်သလဲဆိုတာ
ငါ့ကိုယ်ငါတောင်မသိတဲ့ကောင်ပါ ။
နင်က..ငါ့အတွက်တော့..
မှော်ရုံတောမှာပွင့်ပြီး လူယောင်ဆောင်တဲ့နတ်ပန်းပါ..
ဂုမ္ဘာန်တစ်ထောင်မစောင့်ပေမယ့် ..
ငါ့အတွက်တော့ဝေးလွန်းလှပါတယ်..။
သူငယ်ချင်းတွေကတော့ပြောတယ်..
မင်းကစစ်မရောက်ခင်မြှားကုန်တာတဲ့..
ငါ့ဆီမှာ နင့်ကိုရည်ရွယ်ပစ်ခွင်းဖို့
ဘယ်လိုမြှားတစ်စုံတစ်ရာမှ ရှိမနေတဲ့အကြောင်း
ငါပြန်မပြောဖြစ်လိုက်ဘူး ။
ကောင်မလေးရယ်..
တကယ်တော့ချစ်တယ်ဆိုက ချစ်နေဖို့ပဲလိုတာပါ...။
တခါတလေတော့လဲ..
တေလေတစ်ယောက်ရဲ့လက်နဲ့
ကြယ်စင်ပန်းကိုပျိုးနိုင်တဲ့အကြောင်း
နင်သိအောင်ပြောပြချင်ပါသေးတယ် ။
ဒါပေမယ့်...
ငါဆိုတဲ့ကောင်ကလဲ
ကြိုးချည်နည်းဘာသာဗေဒမှာ
အောင်မှတ်တောင်ရခဲ့တဲ့ကောင်မဟုတ်ဘူး..။
ကြုံခဲ့မယ်ဆိုရင်တောင်
ရာမ လျှောက်တဲ့လမ်းကို ငါဆန့်ကျင်တယ်
နင့်ကို အောင်ပွဲတစ်ခုလို သိမ်းပိုက်ရမှာ
ငါရှက်လို့ပါ ။
ဟိုးအဝေးတစ်နေရာကနေ...
နင့်ကိုတိတ်တိတ်လေးပဲကြည့်ပြီး ချစ်နေပါ့မယ်...။
အဲဒီလိုနဲ့........
အဲဒီလိုနဲ့ပဲ........
..............
..............
..............
ငါတို့တွေ..............။ ။
january 28 , 2009 3:07am ( မိုးခေတ် )