Saturday, October 17, 2009

စိတ်ကူး (၂)


ပါတ်ဝန်းကျင်က မြူခိုးတို့ဖြင့် ဝေမှိုင်းအုံ့သီလျှက် ။ ၀န်းကျင်ကိုကောင်းမွန်စွာမမြင်ရချေ ။ တိတ်ဆိတ်မှုက အေးစက်ထုံကျင်နေသည် ။ ဟိုးအဝေးဆီမှ ဘုရားကျောင်းခေါင်းလောင်းသံ တိုးတိုးသဲ့သဲ့ ကြားနေရသလိုလို ရှိ၏ ။ ကျွန်တော် မည်သည့်အရပ်သို့ရောက်ရှိနေသနည်း ။ ကျွန်တော်ကိုယ်တိုင်ပင် မသိ ။ မြင်ကွင်းတွေကေ၀၀ါး အာရုံတွေက ထွေးပြားလျှက် ရှိသည် ။ နက်ရှိုင်းမဲမှောင်သော တောနက်တစ်နေရာဖြစ်ဟန်ရှိသော်လည်း ကျေးငှက်တစ်စုံတစ်ရာ၏ အသံအနည်းငယ်မျှပင် မကြားရခြင်းကတော့ ထူးခြားလေသည် ။

ဝိုးတ၀ါးဇဝေဇ၀ါဖြင့် ကျွန်တော်ရှေ့သို့လျှောက်လာခဲ့မိသည် ။ တစ်နေရာအရောက် ကုန်းမြင့်တစ်ခုထက်တွင် ကားစင်တစ်ခုတွေ့ရ၏ ။ ကျွန်တော် အံ့သြသွားသည် ။ ကားစင်ပေါ်တွင် သေအံ့ဆဲဆဲ ၀ံပုလွေတစ်ကောင် ။ ကျွန်တော် သူ့အနားတိုးသွားမိသည် ။ အသက်ကိုဖြည်းညှင်းစွာရှုရင်း သူကျွန်တော့်ကို တစ်ချက်ကြည့်၏ ။ ကျွန်တော်နဲ့စကားပြောချင်ဟန်ရှိသဖြင့် ကျွန်တော်စကားစမိသည် ။

" ခင်ဗျားက ဘယ်လိုဖြစ်ရတာလဲ "
သူက သက်ပြင်းတစ်ချက်ချ၏ ။ ပြီးတော့ ပြောသည် ။
" ခင်ဗျားတို့ လူတွေက မကောင်းပါဘူးဗျာ "
" ကျုပ်အရင်က ဆိုးခဲ့တယ်ဆိုတာဟုတ်ပါတယ် ၊ တောထဲကို ဟင်းစားလာရှာတဲ့လူတွေကို ရန်ရှာတယ် ၊ ဒုက္ခတွေပေးခဲ့တယ် ၊ ကျုပ်ကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးဘူးတယ် ၊ ဒါပေမယ့် ခုနောက်ပိုင်း ကျုပ်လဲအိုလာပါပြီဗျာ ၊ အဲဒါမျိုးတွေလဲမလုပ်တော့ပါဘူး ၊ ကျုပ်ဟာကျုပ် အေးအေးဆေးဆေးပဲနေနေတာပါ ၊ ဒါပေမယ့် လူတွေက တစ်ခုခုဖြစ်တိုင်းကျုပ်လုပ်တာဆိုပြီး ကျုပ်ကိုပဲ ပြသနာရှာကြတယ် ၊ ကျုပ်က ၀ံပုလွေပါ ၊ တိရိစ္ဆာန်ပါ ၊ ကျုပ်ရဲ့ဗီဇ ၊ လှုပ်ရှားမှုဓလေ့ထုံးစံအတိုင်းပဲ ကျုပ်လုပ်မှာပေါ့ ၊ လူတွေက ဘာဖြစ်လို့ တောထဲကိုလာသလဲ ၊ တောထဲလာလို့ ကျုပ်နဲ့တွေ့တာ ကျုပ်အပစ်မဟုတ်ပါဘူး ၊ ဒါပေမယ့် ခုလိုကျုပ်မလုပ်တော့လဲ ကျုပ်ပဲလို့ တထစ်ချမှတ်ယူလိုက်ကြတာတော့ မဖြစ်သင့်ပါဘူးဗျာ ၊ မှားတယ်ဆိုရင်တောင် တစ်ခါမှားဘူးရင် နောက်အမြဲတမ်းဒီလိုပဲ မှားနေတော့မှာပဲလို့ ဆုံးဖြတ်ကြသလား ၊ ခုလဲ မိန်းကလေးတစ်ယောက် တောထဲမှာပျောက်သွားလို့ ကျုပ်ကြောင့်ပဲဆိုပြီး ကျုပ်ကို လိုက်ရှာဖမ်း ၊ ပြီးတော့ အပစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ကျုပ်ကိုကြိုးပေးသတ်ပစ်လိုက်ကြတာပဲ ၊ ခင်ဗျားတို့ လူတွေက မတရားဘူးဗျာ "
ကျွန်တော် ဘာပြန်ပြောရမှန်းမသိပါ ။
" အင်း... ဒီလိုပါပဲဗျာ... ကျွန်တော်တောင်...... "
ကျွန်တော့် စကားမဆုံးလိုက်ချေ ။ ပြောချင်တာပြောပြီးသွား၍ ဖြစ်ဟန်ရှိသည် ။ ခေါင်းတစ်ချက်လည်သွားပြီး ၀ံပုလွေအသက်ရှုရပ်သွားလေသည် ။ ငှက်ဆိုးတစ်ကောင်ရဲ့ စူးရဲသောအော်သံနှင့်အတူ ထိုးပျံသွားသံ တစ်ချက်ကြားရသည် ။ အရာအားလုံးသည် ပြန်လည်တိတ်ဆိတ်အေးစက်လျှက် ကျန်ခဲ့ပြန်သည် ။

ကျွန်တော် သက်ပြင်းတစ်ချို့ကို ခပ်ဖြည်းဖြည်းချပြီး ခေါင်းခါမိသည် ။ ကျွန်တော့်စိတ်တွေ ပိုလေးလံသွား၏ ။ ထိုနေရာမှ ခွာလာဖြစ်ခဲ့တော့သည် ။ လျှောက်လာရင်း ဟိုးအဝေးဆီကိုမျှော်ကြည့်မိ၏ ။ ကျွန်တော့်အတွက် ကားစင်တစ်ခုလှမ်းမြင်နေရသယောင် ရှိလေသည် ။

ထိုနောက် အရာရာသည် အမှောင်အတိ ။


(မိုးခေတ်)

0 comments:

Post a Comment