Friday, December 11, 2009

ပြုစားခဲ့တဲ့လူ

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင် အရပ် အတော်မြင့်ခဲ့ပြီ ။

လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေ အတိုင်းပါပဲ
လောကဓံ ခွန်းကြီး ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့ ' လူ ' အဖြစ် ပွင့်ခဲ့ရတာပါ ။

တကယ်ဆို ကဗျာဟာ
အချစ်ဦး မသိအောင် ရေးရတဲ့ အရာပါ
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ ။

တစ်ခါတစ်ရံ လေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ် ။
အဲဒါကလွဲရင် သူလိုကိုယ်လိုတောင် ကျွန်တော် မကွေ့ကောက်ခဲ့ပါဘူး ။

ကျွန်တော်နဲ့ သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်း ဆိုကြ
သြော်.... တစ်ခုတော့ ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ် ။ ။


(တာရာမင်းဝေ)


0 comments:

Post a Comment