Monday, October 12, 2009

ကျွန်တော်နှင့် လမ်းကလေး


လမ်းကလေး ... ။ လမ်းကလေးက ငြိမ်သက်စွာစီးဆင်းလျှက်ရှိသည် ။ ထိုလမ်းကလေးသည် ကျွန်တော်၏ လမ်းကလေး ဖြစ်ပါသည် ။ လမ်းကလေးပေါ်တွင် ကျွန်တော်သည် လိုက်လျောညီထွေစွာ စီးမြောလျှက်ရှိသည် ။ လမ်းကလေးက ငြိမ်သက်မနေပါ ။ လမ်းကလေးက စီးဆင်းနေပါသည် ။ ထို့ကြောင့် ကျွန်တော်သည်လည်း လမ်းကလေးနှင့်အတူ အရှေ့ဆီသို့မျှော်ကြည့်ရလေသည် ။

ကျွန်တော်၏လမ်းကလေးသည် လှပသော်လည်း မလှပါ ။ သို့ဖြင့် မလှသော်လဲ လှနေပါသည် ။ လမ်းကလေး၏ အထက်ဝန်းကျင်တွင် အညိုရောင်မြူခိုးတို့ဖြင့် ရစ်ဆိုင်းဖွဲ့သီကာ ပိန်းပိတ်အောင် အုံ့ဝေလျှက်ရှိသည် ။ ထို့ကြောင့် လမ်းကလေးဧ။် ဦးတည်ရာသည် မည်သည့်နေရာသို့ ရည်ရွယ်နေမှန်း မှော်ဆရာတောင်သိနိုင်မည်မထင်ချေ ။ ငြိမ်သက်စွာစီးဆင်းနေသော်လည်း လမ်းကလေးကဖြောင့်တန်း
မနေပါ။ အကွေ့အကောက် ၊ အချိုးအကွေ့တို့ဖြင့် မာယာများလှချေ၏ ။ လမ်းကလေးသည် အသစ်အဆန်းနေရာများ ၊ လှို့ဝှက်မှုန်သီသောလျှိုမြှောင်များ ၊ ရီဝေလင်းပွင့်သော တောင်ကုန်းများနှင့် နက်ရှိုင်းမဲမှောင်သော ချောက်ကမ်းပါး များကြားမှ ကွေ့ကာဝိုက်ကာဖြင့် ကျွန်တော့်အား
ခေါ်ဆောင်သွားပါသည် ။

လမ်းကလေးပေါ်တွင် ကျွန်တော်သည် အဖြစ်အပျက်အတွေ့အကြုံတို့များစွာ တွေ့ကြုံရလေသည် ။ စိတ်ခံစားမှုမျိုးစုံ အတွေ့အကြုံ အဖုံဖုံတို့က ကျွန်တော်နှင့် လက်ပွန်းတတီး ။ လမ်းကလေးသည် အချို့နေရာများတွင် ညီညာပြန့်ပြူးသော်လည်း အချို့နေရာများတွင်မူ ချိုင့်ခွက်ဆူးညှောင့်ခလုတ်တို့ဖြင့် ပြည့်နှက်လျှက်ရှိသည် ။ ကျွန်တော်သည် လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း အကြိမ်ကြိမ်
လဲပြိုခဲ့ဘူးသည် ။ အကြိမ်ကြိမ်လဲ ကိုယ့်ကိုကိုယ်ပြန်ထူ အားယူကာ ဆက်လက်လျှောက်လှမ်းခဲ့ရပါသည် ။

လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း ကျွန်တော်သည် လူများနှင့်တွေ့ဆုံရလေသည် ။ အချို့လူများသည် ကျွန်တော်နှင့် ဦးတည်ရာခြင်းတူညီကြသည် ။ သို့သော် လျှောက်လှမ်းပုံခြင်း မတူညီကြ ။ အချို့သူများက
ဖြောင့်ဖြောင့်တန်းတန်းလျှောက်ကြသော်လည်း အချို့သူများသည် အကွေ့အကောက်အလိမ်အမှောက် တို့
ဖြင့် ကွဲပြားကြလေသည် ။ အချို့လူများကမူ ကျွန်တော်နှင့်ဦးတည်ရာခြင်း မတူညီကြ ။ ကိုယ်ယုံကြည်ရာ
အရပ်ဆီသို့ ။ အချို့က ခပ်သုတ်သုတ်သွားကြသလို အချို့က ဖြေးဖြေးမှန်မှန်သွားကြသည် ။ အချို့က လေးဖင့်နှေးကွေးစွာသွားကြသလို အချို့က တစိုက်မတ်မတ် ။

မည်သို့ပင်ဖြစ်စေ အားလုံးသည် လမ်းကလေး၏ ဧည့်သည်များဖြစ်ကြသောကြောင့် တွေ့ဆုံပေါင်းဖော်ကြရ
လေသည် ။ တစ်ချို့ကနီးနီးကပ်ကပ် တစ်ချို့ ကဟိုးအဝေးမှာ ။ ကျွန်တော်နှင့်တွေ့ဆုံပေါင်းဖော်ခဲ့ကြသူများ
သည် ကျွန်တော်အား ကြိုးတို့ဖြင့် တုပ်နှောင်ကြလေသည် ။ (တစ်နည်း) ကျွန်တော့်အား ကြိုးချည်နည်းကို
သင်ကြားပေးကြလေသည် ။ သို့ရာတွင် ကျွန်တော်သည် ကြိုးချည်ရန်ဝါသနာမပါ ပါ ။ ထို့ကြောင့် ကျွန်တော်
သည် လမ်းကလေးပေါ်တွင် တစ်ယောက်တည်း အထီးကျန် ။ (တစ်နည်း) တစ်ကိုယ်တည်း လွပ်လပ်စွာ စီးမြောလျှက် ။ ကျွန်တော်သည် ကြိုးများကိုမုန်းပါသည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော် သည်
တစ်ကိုယ်တည်း ရပ်တည်နိုင်သည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော့်အတွက် အဖော်မလိုအပ်
(ထို့သို့ ကျွန်တော်ထင်သည် ) ။

ထိုသို့ဖြင့် လမ်းကလေးပေါ်တွင် ကျွန်တော်တစ်ယောက်ထဲ မြောလွင့် ။ မည်သည့်အရပ်ဆီသို့ ဦးတည်မိသလဲ ဆိုသည်မှာ ကျွန်တော်ကိုယ်တိုင်ပင်မသိ ။ လမ်းကလဲရှိနေသည် ။ ခြေထောက်ကလဲပါနေသည် ။ ထို့ကြောင့်ကျွန်တော် လျှောက်လှမ်းပါသည် ။ လျှောက်ရမည်ဟု မည်သူက
ချမှတ်ထားမှန်းမသိသော အမိန့်တစ်စုံတစ်ရာဖြင့် ကျွန်တော်ဆက်လျှောက်သည်
(ထိုသူမှာ ကျွန်တော်လဲ ဖြစ်နိုင်ပါသည် ) ။ လျှောက်နေသဖြင့် တစ်နေရာရာကိုတော့ ရောက်မည်ဖြစ်သည် ။
မည်သည့်နေရာလဲတော့ မသိချေ ။ တစ်နေ့တစ်လံမဟုတ်သဖြင့် ပုဂံကိုတော့ရောက်မည် မဟုတ်ပါ ။
ယခုနေရာတွင် ရှိနေတော့မည် မဟုတ်သည်ကတော့ သေချာပါသည် ။

ထိုသို့ဖြင့်.....
ထိုသို့ဖြင့် ကျွန်တော်သည် လျှောက်သမျှကောက်နေသောလမ်းအား ဆက်လျှောက်နေပါသည် ။
ထိုသို့ဖြင့် ကျွန်တော်သည် လမ်းရှိနေသော်လည်း လမ်းပျောက်နေသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပါသည် ။
ထိုသို့ဖြင့်..... ။ ။


( ဒီစာစုကလေးကို လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်တော်ရေးထားခဲ့တာပါ ။ကိုယ့်ဘာသာစိတ်ထဲ
ရှိရာရေးထားခြင်း ဖြစ်ပါတယ် ။)

(မိုးခေတ်)


0 comments:

Post a Comment