ပါတ်ဝန်းကျင်က မြူခိုးတို့ဖြင့် ဝေမှိုင်းအုံ့သီလျှက် ။ ၀န်းကျင်ကိုကောင်းမွန်စွာမမြင်ရချေ ။ တိတ်ဆိတ်မှုက အေးစက်ထုံကျင်နေသည် ။ ဟိုးအဝေးဆီမှ ဘုရားကျောင်းခေါင်းလောင်းသံ တိုးတိုးသဲ့သဲ့ ကြားနေရသလိုလို ရှိ၏ ။ ကျွန်တော် မည်သည့်အရပ်သို့ရောက်ရှိနေသနည်း ။ ကျွန်တော်ကိုယ်တိုင်ပင် မသိ ။ မြင်ကွင်းတွေကေ၀၀ါး အာရုံတွေက ထွေးပြားလျှက် ရှိသည် ။ နက်ရှိုင်းမဲမှောင်သော တောနက်တစ်နေရာဖြစ်ဟန်ရှိသော်လည်း ကျေးငှက်တစ်စုံတစ်ရာ၏ အသံအနည်းငယ်မျှပင် မကြားရခြင်းကတော့ ထူးခြားလေသည် ။
ဝိုးတ၀ါးဇဝေဇ၀ါဖြင့် ကျွန်တော်ရှေ့သို့လျှောက်လာခဲ့မိသည် ။ တစ်နေရာအရောက် ကုန်းမြင့်တစ်ခုထက်တွင် ကားစင်တစ်ခုတွေ့ရ၏ ။ ကျွန်တော် အံ့သြသွားသည် ။ ကားစင်ပေါ်တွင် သေအံ့ဆဲဆဲ ၀ံပုလွေတစ်ကောင် ။ ကျွန်တော် သူ့အနားတိုးသွားမိသည် ။ အသက်ကိုဖြည်းညှင်းစွာရှုရင်း သူကျွန်တော့်ကို တစ်ချက်ကြည့်၏ ။ ကျွန်တော်နဲ့စကားပြောချင်ဟန်ရှိသဖြင့် ကျွန်တော်စကားစမိသည် ။
" ခင်ဗျားက ဘယ်လိုဖြစ်ရတာလဲ "
သူက သက်ပြင်းတစ်ချက်ချ၏ ။ ပြီးတော့ ပြောသည် ။
" ခင်ဗျားတို့ လူတွေက မကောင်းပါဘူးဗျာ "
" ကျုပ်အရင်က ဆိုးခဲ့တယ်ဆိုတာဟုတ်ပါတယ် ၊ တောထဲကို ဟင်းစားလာရှာတဲ့လူတွေကို ရန်ရှာတယ် ၊ ဒုက္ခတွေပေးခဲ့တယ် ၊ ကျုပ်ကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးဘူးတယ် ၊ ဒါပေမယ့် ခုနောက်ပိုင်း ကျုပ်လဲအိုလာပါပြီဗျာ ၊ အဲဒါမျိုးတွေလဲမလုပ်တော့ပါဘူး ၊ ကျုပ်ဟာကျုပ် အေးအေးဆေးဆေးပဲနေနေတာပါ ၊ ဒါပေမယ့် လူတွေက တစ်ခုခုဖြစ်တိုင်းကျုပ်လုပ်တာဆိုပြီး ကျုပ်ကိုပဲ ပြသနာရှာကြတယ် ၊ ကျုပ်က ၀ံပုလွေပါ ၊ တိရိစ္ဆာန်ပါ ၊ ကျုပ်ရဲ့ဗီဇ ၊ လှုပ်ရှားမှုဓလေ့ထုံးစံအတိုင်းပဲ ကျုပ်လုပ်မှာပေါ့ ၊ လူတွေက ဘာဖြစ်လို့ တောထဲကိုလာသလဲ ၊ တောထဲလာလို့ ကျုပ်နဲ့တွေ့တာ ကျုပ်အပစ်မဟုတ်ပါဘူး ၊ ဒါပေမယ့် ခုလိုကျုပ်မလုပ်တော့လဲ ကျုပ်ပဲလို့ တထစ်ချမှတ်ယူလိုက်ကြတာတော့ မဖြစ်သင့်ပါဘူးဗျာ ၊ မှားတယ်ဆိုရင်တောင် တစ်ခါမှားဘူးရင် နောက်အမြဲတမ်းဒီလိုပဲ မှားနေတော့မှာပဲလို့ ဆုံးဖြတ်ကြသလား ၊ ခုလဲ မိန်းကလေးတစ်ယောက် တောထဲမှာပျောက်သွားလို့ ကျုပ်ကြောင့်ပဲဆိုပြီး ကျုပ်ကို လိုက်ရှာဖမ်း ၊ ပြီးတော့ အပစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ကျုပ်ကိုကြိုးပေးသတ်ပစ်လိုက်ကြတာပဲ ၊ ခင်ဗျားတို့ လူတွေက မတရားဘူးဗျာ "
ကျွန်တော် ဘာပြန်ပြောရမှန်းမသိပါ ။
" အင်း... ဒီလိုပါပဲဗျာ... ကျွန်တော်တောင်...... "
ကျွန်တော့် စကားမဆုံးလိုက်ချေ ။ ပြောချင်တာပြောပြီးသွား၍ ဖြစ်ဟန်ရှိသည် ။ ခေါင်းတစ်ချက်လည်သွားပြီး ၀ံပုလွေအသက်ရှုရပ်သွားလေသည် ။ ငှက်ဆိုးတစ်ကောင်ရဲ့ စူးရဲသောအော်သံနှင့်အတူ ထိုးပျံသွားသံ တစ်ချက်ကြားရသည် ။ အရာအားလုံးသည် ပြန်လည်တိတ်ဆိတ်အေးစက်လျှက် ကျန်ခဲ့ပြန်သည် ။
ကျွန်တော် သက်ပြင်းတစ်ချို့ကို ခပ်ဖြည်းဖြည်းချပြီး ခေါင်းခါမိသည် ။ ကျွန်တော့်စိတ်တွေ ပိုလေးလံသွား၏ ။ ထိုနေရာမှ ခွာလာဖြစ်ခဲ့တော့သည် ။ လျှောက်လာရင်း ဟိုးအဝေးဆီကိုမျှော်ကြည့်မိ၏ ။ ကျွန်တော့်အတွက် ကားစင်တစ်ခုလှမ်းမြင်နေရသယောင် ရှိလေသည် ။
ထိုနောက် အရာရာသည် အမှောင်အတိ ။
(မိုးခေတ်)
Saturday, October 17, 2009
စိတ်ကူး (၂)
Tuesday, October 13, 2009
ပလုံ
ရေထဲကို ခဲကျသွားတာလဲ ဖြစ်နိုင်တယ်...
ရေထဲက ငါးခုန်တက်လာတာလဲ ဖြစ်နိုင်တယ်...
တစ်နေ့မှာ ငါ့အတ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်...
ဘယ်လိုဖြစ်သွားလဲမသိဘူး...
' ပလုံ '
(တာရာမင်းဝေ)
Monday, October 12, 2009
ကျွန်တော်နှင့် လမ်းကလေး
လမ်းကလေး ... ။ လမ်းကလေးက ငြိမ်သက်စွာစီးဆင်းလျှက်ရှိသည် ။ ထိုလမ်းကလေးသည် ကျွန်တော်၏ လမ်းကလေး ဖြစ်ပါသည် ။ လမ်းကလေးပေါ်တွင် ကျွန်တော်သည် လိုက်လျောညီထွေစွာ စီးမြောလျှက်ရှိသည် ။ လမ်းကလေးက ငြိမ်သက်မနေပါ ။ လမ်းကလေးက စီးဆင်းနေပါသည် ။ ထို့ကြောင့် ကျွန်တော်သည်လည်း လမ်းကလေးနှင့်အတူ အရှေ့ဆီသို့မျှော်ကြည့်ရလေသည် ။
ကျွန်တော်၏လမ်းကလေးသည် လှပသော်လည်း မလှပါ ။ သို့ဖြင့် မလှသော်လဲ လှနေပါသည် ။ လမ်းကလေး၏ အထက်ဝန်းကျင်တွင် အညိုရောင်မြူခိုးတို့ဖြင့် ရစ်ဆိုင်းဖွဲ့သီကာ ပိန်းပိတ်အောင် အုံ့ဝေလျှက်ရှိသည် ။ ထို့ကြောင့် လမ်းကလေးဧ။် ဦးတည်ရာသည် မည်သည့်နေရာသို့ ရည်ရွယ်နေမှန်း မှော်ဆရာတောင်သိနိုင်မည်မထင်ချေ ။ ငြိမ်သက်စွာစီးဆင်းနေသော်လည်း လမ်းကလေးကဖြောင့်တန်း
မနေပါ။ အကွေ့အကောက် ၊ အချိုးအကွေ့တို့ဖြင့် မာယာများလှချေ၏ ။ လမ်းကလေးသည် အသစ်အဆန်းနေရာများ ၊ လှို့ဝှက်မှုန်သီသောလျှိုမြှောင်များ ၊ ရီဝေလင်းပွင့်သော တောင်ကုန်းများနှင့် နက်ရှိုင်းမဲမှောင်သော ချောက်ကမ်းပါး များကြားမှ ကွေ့ကာဝိုက်ကာဖြင့် ကျွန်တော့်အား
ခေါ်ဆောင်သွားပါသည် ။
လမ်းကလေးပေါ်တွင် ကျွန်တော်သည် အဖြစ်အပျက်အတွေ့အကြုံတို့များစွာ တွေ့ကြုံရလေသည် ။ စိတ်ခံစားမှုမျိုးစုံ အတွေ့အကြုံ အဖုံဖုံတို့က ကျွန်တော်နှင့် လက်ပွန်းတတီး ။ လမ်းကလေးသည် အချို့နေရာများတွင် ညီညာပြန့်ပြူးသော်လည်း အချို့နေရာများတွင်မူ ချိုင့်ခွက်ဆူးညှောင့်ခလုတ်တို့ဖြင့် ပြည့်နှက်လျှက်ရှိသည် ။ ကျွန်တော်သည် လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း အကြိမ်ကြိမ်
လဲပြိုခဲ့ဘူးသည် ။ အကြိမ်ကြိမ်လဲ ကိုယ့်ကိုကိုယ်ပြန်ထူ အားယူကာ ဆက်လက်လျှောက်လှမ်းခဲ့ရပါသည် ။
လမ်းကလေးပေါ်တွင် လျှောက်လှမ်းရင်း ကျွန်တော်သည် လူများနှင့်တွေ့ဆုံရလေသည် ။ အချို့လူများသည် ကျွန်တော်နှင့် ဦးတည်ရာခြင်းတူညီကြသည် ။ သို့သော် လျှောက်လှမ်းပုံခြင်း မတူညီကြ ။ အချို့သူများက
ဖြောင့်ဖြောင့်တန်းတန်းလျှောက်ကြသော်လည်း အချို့သူများသည် အကွေ့အကောက်အလိမ်အမှောက် တို့
ဖြင့် ကွဲပြားကြလေသည် ။ အချို့လူများကမူ ကျွန်တော်နှင့်ဦးတည်ရာခြင်း မတူညီကြ ။ ကိုယ်ယုံကြည်ရာ
အရပ်ဆီသို့ ။ အချို့က ခပ်သုတ်သုတ်သွားကြသလို အချို့က ဖြေးဖြေးမှန်မှန်သွားကြသည် ။ အချို့က လေးဖင့်နှေးကွေးစွာသွားကြသလို အချို့က တစိုက်မတ်မတ် ။
မည်သို့ပင်ဖြစ်စေ အားလုံးသည် လမ်းကလေး၏ ဧည့်သည်များဖြစ်ကြသောကြောင့် တွေ့ဆုံပေါင်းဖော်ကြရ
လေသည် ။ တစ်ချို့ကနီးနီးကပ်ကပ် တစ်ချို့ ကဟိုးအဝေးမှာ ။ ကျွန်တော်နှင့်တွေ့ဆုံပေါင်းဖော်ခဲ့ကြသူများ
သည် ကျွန်တော်အား ကြိုးတို့ဖြင့် တုပ်နှောင်ကြလေသည် ။ (တစ်နည်း) ကျွန်တော့်အား ကြိုးချည်နည်းကို
သင်ကြားပေးကြလေသည် ။ သို့ရာတွင် ကျွန်တော်သည် ကြိုးချည်ရန်ဝါသနာမပါ ပါ ။ ထို့ကြောင့် ကျွန်တော်
သည် လမ်းကလေးပေါ်တွင် တစ်ယောက်တည်း အထီးကျန် ။ (တစ်နည်း) တစ်ကိုယ်တည်း လွပ်လပ်စွာ စီးမြောလျှက် ။ ကျွန်တော်သည် ကြိုးများကိုမုန်းပါသည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော် သည်
တစ်ကိုယ်တည်း ရပ်တည်နိုင်သည် ( ထို့သို့ ကျွန်တော်ထင်သည် ) ။ ကျွန်တော့်အတွက် အဖော်မလိုအပ်
(ထို့သို့ ကျွန်တော်ထင်သည် ) ။
ထိုသို့ဖြင့် လမ်းကလေးပေါ်တွင် ကျွန်တော်တစ်ယောက်ထဲ မြောလွင့် ။ မည်သည့်အရပ်ဆီသို့ ဦးတည်မိသလဲ ဆိုသည်မှာ ကျွန်တော်ကိုယ်တိုင်ပင်မသိ ။ လမ်းကလဲရှိနေသည် ။ ခြေထောက်ကလဲပါနေသည် ။ ထို့ကြောင့်ကျွန်တော် လျှောက်လှမ်းပါသည် ။ လျှောက်ရမည်ဟု မည်သူက
ချမှတ်ထားမှန်းမသိသော အမိန့်တစ်စုံတစ်ရာဖြင့် ကျွန်တော်ဆက်လျှောက်သည်
(ထိုသူမှာ ကျွန်တော်လဲ ဖြစ်နိုင်ပါသည် ) ။ လျှောက်နေသဖြင့် တစ်နေရာရာကိုတော့ ရောက်မည်ဖြစ်သည် ။
မည်သည့်နေရာလဲတော့ မသိချေ ။ တစ်နေ့တစ်လံမဟုတ်သဖြင့် ပုဂံကိုတော့ရောက်မည် မဟုတ်ပါ ။
ယခုနေရာတွင် ရှိနေတော့မည် မဟုတ်သည်ကတော့ သေချာပါသည် ။
ထိုသို့ဖြင့်.....
ထိုသို့ဖြင့် ကျွန်တော်သည် လျှောက်သမျှကောက်နေသောလမ်းအား ဆက်လျှောက်နေပါသည် ။
ထိုသို့ဖြင့် ကျွန်တော်သည် လမ်းရှိနေသော်လည်း လမ်းပျောက်နေသည့် လူငယ်တစ်ယောက်ဖြစ်ခဲ့ပါသည် ။
ထိုသို့ဖြင့်..... ။ ။
( ဒီစာစုကလေးကို လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်တော်ရေးထားခဲ့တာပါ ။ကိုယ့်ဘာသာစိတ်ထဲ
ရှိရာရေးထားခြင်း ဖြစ်ပါတယ် ။)
(မိုးခေတ်)
Thursday, October 1, 2009
ဗုဒ္ဓဟာ စကားပြောတဲ့နေရာမှာ
ဗုဒ္ဓဟာ စကားပြောတဲ့နေရာမှာ......
၁ ။ မဟုတ်မမှန်ဘူး ၊ အကျိုးစီးပွားနဲ့လည်း စပ်ယှဉ်မှု မရှိဘူး ၊ သူတစ်ပါး နှစ်သက်မှု ၊ နှစ်ခြိုက်မှုလည်း မရှိဘူး ဆိုတဲ့ စကားမျိုးကို မပြောဘူး ။
၂ ။ ဟုတ်မှန်မှုတော့ ရှိတယ် ၊ ဒါပေမယ့် အကျိုးစီးပွားနဲ့မစပ်ယှဉ်ဘူး ၊ သူတစ်ပါး နှစ်သက်မှုလည်း မရှိဘူး ဆိုတဲ့စကားမျိုးကို မပြောဘူး ။
၃ ။ မဟုတ်မမှန်ဘူး ၊ အကျိုးစီးပွား နဲ့လည်း စပ်ယှဉ်မှု မရှိဘူး ၊ ဒါပေမယ့် သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုတော့ ရှိတယ် ဆိုတဲ့ စကားမျိုးကိုလည်း မပြောဘူး ။
၎ ။ ဟုတ်မှန်မှုရှိတယ် ၊ သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုလည်း ရှိတယ် ၊ ဒါပေမယ့် အကျိုးစီးပွားနဲ့ စပ်ယှဉ်မှု မရှိဘူး ဆိုတဲ့စကားမျိုးကိုလည်း မပြောဘူး ။
၅ ။ ဟုတ်မှန်မှု ရှိတယ် ၊ အကျိုးစီးပွား နဲ့လည်း စပ်ယှဉ်တယ် ၊ ဒါပေမယ့် သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုတော့ မရှိဘူး ဆိုတဲ့ စကားမျိုးကို အခြေအနေအရ အခါအားလျော်စွာပြောတယ် ။
၆ ။ ဟုတ်မှန်မှု ရှိတယ် ၊ အကျိုးစီးပွားနဲ့လည်း စပ်ယှဉ်တယ် ၊ သူတစ်ပါး နှစ်သက်နှစ်ခြိုက်မှုလည်း ရှိတယ် ဆိုတဲ့ စကားမျိုးကို အခြေအနေကြည့်ပြီး အခါအားလျော်စွာ ပြောပါတယ် ။
(နန္ဒသိန်းဇံ - " မှန်သောစကားကို ဆိုခြင်း နှင့် ပါတ်သတ်သော မှတ်ချက်များ " စာအုပ်မှ )
စိတ်ကူး (၁)
မှောင်မဲတိတ်ဆိတ်နေသော အခန်းငယ်လေး၏ ထောင့် ချိုးတစ်ခုတွင် လူငယ်လေးတစ်ယောက် အခန်းနံရံကိုမှီ လျှက် ရီဝေသောမျက်လုံးများ ဖြင့် ထိုင်နေသည် ။ တစ်နေရာရာကို ကြည့်နေသော်လည်း မြင်ပုံမပေါ်ပါ ။နုတ်ခမ်းဖျားလေး လှုပ်ခတ်ရုံသာ တစ်စုံတစ်ရာကို ရွတ်ဆိုနေ၏ ။ မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် လိမ်းကျံထားလေသည် ။ အရာရာ ကို လက်မြှောက်အရှုံးပေးထားသလို သူ့ဟန်ပန်က နွမ်းလျှလှသည် ။
ကျွန်တော် သူ့အနားတိုးကပ်သွားသည် ကို သူသတိထားမိပုံမပေါ်ပါ ။ ဒါမှမဟုတ် ဂရုမမူသည် လည်းဖြစ်နိုင်သည် ။ ဘယ်လိုခံစားမှုတွေကများ သူ့ကို ဖိစီးနေပါလိမ့် ။ အခန်းငယ်လေးက ချမ်းမြအေးစိမ့်နေ
သော်လည်း သူအအေးဒဏ်ကို သတိရပုံမပေါ်ချေ ။ ကျွန်တော် သူ့အနားတွင် အသာအယာ ထိုင်ချလိုက်၍ သူ့ကိုကြည့်မိသည် ။ သူက ပြန်မကြည့်ပါ ။ သေချာကြည့်မှ သူ့မျက်နှာ ပေါ်တွင် ရှိနေသည် မှာ ၀မ်းနည်းကြေကွဲမှုသပ်သပ် မဟုတ်ပဲ ရောယှက်နေ၏ ။ အဓိပ္ပါယ်ဖော်ရခက်ခဲသော မျက်နှာထားဖြစ်သည် ။
သူက ကျွန်တော့်ကို မကြည့်ဘဲ တိုးတိုးလေး တစ်ခွန်းပြော၏ ။
" အမှန်တရား ဆိုတာကို သိသလား "
ကျွန်တော် ဘာပြန်ပြောရမှန်း မသိပါ ။ သူဘာကို ရည်ရွယ်၍ မေးသည်လဲ ။ ကျွန်တော် တွေဝေနေချိန်တွင်
သူကထပ်ပြောသည် ။
" လောက မှာ အမှန်တရား ဆိုတာ ရှိရော ရှိရဲ့လား "
မေးခွန်းများဖြစ်သော်လည်း ကျွန်တော့် ကိုမေးပုံ မပေါ်ပါ ။ သူဘာသာပြောနေခြင်းဖြစ်နိုင်သလို တစ်စုံတစ်ယောက် အား တိုင်တည်မေးမြန်းနေခြင်းလဲ ဖြစ်နိုင်ပါသည် ။
" ရှိရင်ရော ဘယ်နှစ်ခု ရှိနိုင်သလဲ "
ပြောပြီးတော့ သူခပ်တိုးတိုးလေး ရယ်၏ ။ နာကျင်စွာ ရယ်ခြင်းဖြစ်သည် ။ကျွန်တော် နားမလည်တော့ပါ ။
ဤလူငယ်ကလေး တွင် ဘယ်လိုခံစားချက်များရှိနေသလဲ ။ ဘာတွေကို ခံစားနေရသလဲ ။ကျွန်တော် ခေါင်းကို
ခပ်ဖြည်းဖြည်း ခါမိသည် ။ စိတ်မကောင်းပါ ။ သူ့အနားမှ ကျွန်တော် ထထွက် လာခဲ့တော့၏ ။
စိတ်ခပ်လေးလေးနှင့် တစ်ခုတော့ စဉ်းစားမိသည် ။
" သူရူးနေတာပဲ ဖြစ်ရမယ် "
ထို့နောက် အရာရာ သည် အမှောင် အတိ ။ ။
(မိုးခေတ်)
ဖြေပေးကြပါ
ဘယ်လို စကားမျိုးတွေကို ပြောရမလဲ ။
ဘယ်လို ပုံစံနဲ့ နေထိုင်ရမလဲ ။
ဘယ်လို အတွေး တွေကို တွေးရမလဲ ။
ဘယ်လို အလုပ်မျိုးတွေကို လုပ်နေရမလဲ ။
ဘယ်လို ပုံစံနဲ့ ဖြေရှင်းပြရမလဲ ။
ဘာကို မကျေနပ်ဖြစ်ရမလဲ ။
ဘယ်နေရာ ကို ဦးတည်ပြီးသွားရမလဲ ။
ဘာရည်ရွယ်ချက်နဲ့ အသက်ဆက်ရှင်နေရတော့မလဲ ။
ဘာကို....
ဘယ်လို...............
ဘာအတွက်.................
................................................. ။
.........................
နောက်ဆုံးတော့.....
ငါ့ကိုငါတောင် ရှာမတွေ့တော့ဘူး ။ ။
(မိုးခေတ်)